Monday, October 6, 2008


"လမ်းခူးလက်"

နံဂါးခံတွင်းဝက လေပြေညင်းတွေကို
ရင်မထိအောင် ရှိုက်သွင်း
ကိုယ့်လမ်းကိုယ်ဖောက်ဖို့
လမ်းပျောက်နေခဲ့တယ်

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တော့လည်း
အသံတွေက ခေါင်းရှောင်သွားကြပြန်ရော
ဒါနဲ့ပဲ ကိုယ့်အမြီးကိုယ်ပြန်ကိုက်
ကော်ဖီခါးခါးထဲ ပြုတ်ကျသွားတဲ့
ကိုယ့်အပြုံးချိုချိုလေးကိုပဲ
ရူးရူးမိုက်မိုက် တမ်းတနေမိတယ်

မျှော်လင့်ခဲ့မိဖူးတဲ့
ကိုယ့်လက်သည်းတွေကို
နောက်မှာ ခပ်ရို့ရို့ဝှက်လိုက်တော့
မျက်ရည်တွေက ဟားတိုက်ရယ်မော
ခြေဦးတည့်ရာဆိုတာ
ကမ်းပျောက်ပင်လယ်တဲ့လား

ရောင်နီအတက်က ငါ့ကံကြမ္မာလမ်းပေါ်
ထွက်ခဲ့စမ်း !
ဘီလူးကြမ်းစီးတဲ့ ခရောင်းလမ်းရေ
ငါ့လက်နဲ့ ဖမ်းတဲ့အခါ
ငါဖန်ဆင်းတဲ့ ပန်းတပွင့်ပဲ ဖြစ်စေရမယ်

ချီရွန် ( ပုလဲ )

Thursday, July 10, 2008

ကိုယ့်လက်နဲ့ ရေးခဲ့တဲ့ လက္ခဏာ


“ကိုယ့်လက်နဲ့ ရေးခဲ့တဲ့ လက္ခဏာ”

သမိုင်းကို ရေးရင်း ရေးရင်း
ခြေရာတွေ ကသောင်းကနင်းရှုပ်ပွ
စာမျက်နှာတိုင်း ကြက်ခြေခတ်လှလှလေးတွေနဲ့
ဘ၀ဆိုတဲ့ အက္ခရာစောင်းပေါ်
ကံကြမ္မာက လက်ခမောင်း ထခတ်တယ်

ကိုယ့်အကြောင်း နားမလည်ဘဲ
ကိုယ့်အကြောင်း ပြောနေကြတဲ့သူတွေလည်း
တဖြည်းဖြည်း အသက်ရှုတွေကြပ်
သူ့နှာခေါင်းပေါက်နဲ့သူ အောက်ဆီဂျင်ငတ်လို့
အနေအထိုင်မတတ်တဲ့ ကကြီးလို
ယပက်လက် ဆန်နေလေရဲ့

တခါတခါ
ဝိုင်းဖွဲ့ပြောတဲ့ စကားဝိုင်းမှာ
အပ်တစင်း မြေခသံ
ကျွန်တော် ကြားတယ်

လူတွေနဲ့ ဝေးရာရှောင်ရင်း
လူတွေကြားထဲ ရောက်ရောက်နေတော့
ကိုယ့် ဖိနပ်တွေကတောင်
ကိုယ်နဲ့ အပေါင်းအဖက်မလုပ်ချင်တော့ဘူးတဲ့

ကျွန်တော် မှားသွားလား မေမေ
တကယ်တော့ အမေ့သားက
အညတရယောက်ပါ
ကိုယ့် လက်ဖ၀ါးက လက္ခဏာကို
ကိုယ့်ဘာသာ ရေးချင်ခဲ့တာလေး တခုပါပဲ

ချီရွန် ( ပုလဲ )

ကျွန်တော် ဒီနေ့ပဲ မြန်မာကို ပြန်ရတော့မယ်ဗျာ။ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။ ပြန်ခါနီးလေး ကဗျာရေးချင်စိတ်ပေါ်လာတာနဲ့ ချရေးလိုက်တဲ့ ကဗျာလေးပါ။ ဒီကဗျာလေးနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ မြန်မာကို ပြန်ရောက်လို့ အဆင်ပြေရင်လည်း ဘလော့ကို ဆက်ရေးသွားဖြစ်မှာပါ။ အခြေအနေပေးရင်ပေါ့လေ။ သူငယ်ချင်း ညီအစ်ကို မောင်နှမအားလုံးပဲ စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

Sunday, June 29, 2008

ဆူး


" ဆူး "

ဘယ်တော့မှ ပြန်လည်ရှင်သန်မှာလဲ
နှလုံးသားငယ်ရေ
ဝေ့၀ဲကျလာတဲ့ မျက်ရည်ရွက်လေးကို
ဘယ်လိုလေမျိုးကမှ
စိတ်လိုလက်ရ ချီသယ်မသွားဘူး
ငါ့လက်နဲ့ငါ ဖောက်ခဲ့တာပါ
ငါလျှောက်ချိန်ကျမှ
ဒီလမ်းက ဆူးတွေပြည့်မောက်
အိပ်မက်ခြောက်ရာသီရဲ့ လမ်းအိုဟောင်း
ပြန်လာမဲ့ ခြေဖမိုးဖောင်းဖောင်းလေးကို တမ်းတ
အခုတော့
ကဗျာပေါင်းမြက်တွေပဲ ထထလာတယ်
ဆူး တချောင်းပါပဲ
မြင်တတ်ရင် ..
နှလုံးသားနဲ့ ပေါင်းခံထားတဲ့
အမှတ်တရ မှဲ့နက်တပွင့်
ရင်နင့်အောင်လည်း ဆူးတယ်
အိပ်မရတဲ့ အထိ ရူးတယ်
ဒါပေမဲ့ ..
နှုတ်မပစ်ရက်အောင် တိမ်းမူး
ဘ၀ကူးထိ ငါယူသွားမယ်

ချီရွန် ( ပုလဲ )
အသည်းကွဲနေသော ညီမငယ် တယောက်အတွက်ပါ။ ယောက်ျားလေး တယောက်က ရေးပေးတာ ဖြစ်လို့နည်းနည်း ခံစားချက်ချင်း မတူနိုင်ဖြစ်သွားတာရှိရင် မောင်ချီရွန် ညံ့လို့သာဖြစ်ပါကြောင်း .......

No comments yet